ရှင်ယောဟန်-8

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ယေရှုသည် သံလွင်တောင်သို့ကြွတော်မူ၏။ နံနက်စောစောဗိမာန်တော်သို့ တစ်ဖန်ကြွရောက်တော်မူပြီးလျှင် လူပရိသတ်လုံးချဉ်းလာသဖြင့် ထိုင်လျက်ဒေသနာပေးတော်မူ၏။
  • 2
  • 3 ထိုအခါ မျောက်မထားမှုပြုနေစဉ်တွေ့မိသောမိန်းမတစ်ယောက်ကို ကျမ်းတတ်ဆရာနှင့် ဖာရိရှဲတို့ခေါ်ခဲ့လျက် အလယ်တွင်ထားပြီးမှ၊
  • 4 ကိုယ်တော်ကိုအပြစ်စွဲဆိုခွင့်ရရှိစေခြင်းငှါ စုံစမ်းမေးမြန်းကြသည်မှာ ဆရာ၊ မျောက်မထားမှုပြုစဉ်ပင် ဤမိန်းမကိုတွေ့မိကြပါပြီ။ မောရှေသည်ဤသို့သောမိန်းမကို ခဲပစ်သတ်ဒဏ်ခတ်စေဟု ပညတ္တိကျမ်း၌ မှာထားခဲ့ပါပြီ။ ဆရာမူကား၊ မည်သို့မိန့်ဆိုပါသနည်းဟုမေးကြရာ ယေရှုသည်ငုံ့လျက် လက်ညှိုးတော်နှင့် မြေပေါ်တွင်ရေးသား၍နေတော်မူ၏။
  • 5
  • 6
  • 7 ထိုသူတို့သည် အထပ်ထပ်မေးကြသောအခါမော်ကြည့်လျက် သင်တို့တွင်အပြစ်ကင်းသူသည် ဦးစွာပစ်ခတ်စေဟု မိန့်တော်မူပြီးမှ၊
  • 8 တစ်ဖန်ငုံ့လျက် မြေပေါ်တွင်ရေးသားတော်မူပြန်၏။
  • 9 ထိုသူတို့သည်ကြားရလျှင် သြတ္တပ္ပစိတ်ရှိလျက် အကြီးမှစ၍အငယ်တိုင်အောင် တစ်ယောက်နောက်တစ်ယောက်ထွက်သွားကြသဖြင့် ယေရှုတစ်ပါးတည်းကျန်ရစ်တော်မူလျက် မိန်းမလည်း ရပ်မြဲရပ်နေ၏။
  • 10 ထိုအခါ ယေရှုသည် မော်ကြည့်ပြန်၍ ထိုမိန်းမပြင် မည်သူကိုမျှမြင်တော်မမူသော်၊ အချင်းမိန်းမ၊ အပြစ်စွဲသူတို့သည်အဘယ်မှာနည်း။ မည်သူမျှအပြစ်မစီရင်လော ဟုမေးတော်မူလျှင်၊
  • 11 စီရင်သူမရှိပါအရှင်ဘုရား ဟုပြန်လျှောက်ရာယေရှုက၊ ငါလည်းအပြစ်မစီရင်၊ သွားတော့၊ နောက်ထပ်မပြစ်မှားနှင့်ဟု မိန့်တော်မူ၏။
  • 12 တစ်ဖန်တုံ၊ လူပရိသတ်အားယေရှုက ငါသည်ဤလောက၏အလင်းဖြစ်၏၊ ငါ့နောက်လိုက်သောသူသည် မှောင်မိုက်၌သွားလာရမည်မဟုတ်။ အသက်အလင်းကို ရလိမ့်မည်ဟုမိန့်တော်မူ၏။
  • 13 သို့ဖြစ်၍ဖာရိရှဲတို့က ကိုယ့်အကြောင်းသက်သေခံသဖြင့် သင့်သက်သေခံချက်မတည်ဟု ဆိုကြသော်၊
  • 14 ယေရှုက ငါသည်မည်သည့်ဒေသကလာ၍ မည်သည့်ဒေသသို့သွားမည်ကိုသိသဖြင့်၊ ကိုယ့်အကြောင်းသက်သေခံသော်ကား၊ ငါ့သက်သေခံချက်တည်၏။ သင်တို့မှာမူ မည်သည့်ဒေသကလာ၍ မည်သည့်ဒေသသို့ငါသွားမည်ကို မသိကြ။
  • 15 သင်တို့သည် ပဝတ္တိကိုထောက်၍စီရင်ဆုံးဖြတ်ကြ၏။ ငါသည် မည်သူ့ကိုမျှစီရင်ဆုံးဖြတ်သည်မဟုတ်။
  • 16 အကယ်၍စီရင်ဆုံးဖြတ်လျှင်၊ ငါတစ်ပါးတည်းမက စေလွှတ်တော်မူလိုက်သောခမည်းတော်လည်း တည်နေတော်မူသောကြောင့် ငါစီရင်ဆုံးဖြတ်ချက်မှန်ကန်၏။
  • 17 သက်သေခံနှစ်ဦးထွက်ဆိုချက်တည်သည်ဟု သင်တို့၏ပညတ်တရားတွင်ရေးထားသည်နှင့်အညီ၊
  • 18 ငါသည်ကိုယ့်အကြောင်းကိုသက်သေခံသည့်ပြင် စေလွှတ်တော်မူလိုက်သောခမည်းတော်လည်း၊ သက်သေခံတော်မူသည်ဟု မိန့်တော်မူ၏။
  • 19 ထိုသူတို့ကလည်း သင်၏ခမည်းတော်အဘယ်မှာနည်းဟုမေးကြသော် ယေရှုက ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်းကောင်း သင်တို့မသိကြ။ ငါ့ကိုသိခဲ့လျှင် ငါ့ခမည်းတော်ကိုလည်းသိကြလေပြီဟု၊
  • 20 ဗိမာန်တော်အတွင်းအလှူတိုက်အနီး ဒေသနာပေးလျက်မိန့်တော်မူ၏။ အချိန်နာရီတော်မရောက်သေးသောကြောင့် မည်သူမျှကိုယ်တော်ကိုမဖမ်းဖြစ်ကြ။
  • 21 တစ်ဖန်တုံကိုယ်တော်က ငါသွား၍သင်တို့သည်ငါ့ကိုရှာဆဲ၊ ကိုယ့်အပြစ်၌သေကြလိမ့်မည်။ ငါသွားရာသို့ သင်တို့ရောက်နိုင်မည်မဟုတ်ဟု မိန့်တော်မူသည်နှင့်၊
  • 22 ယုဒလူမျိုးတို့က ငါသွားရာသို့သင်တို့ရောက်နိုင်ကြမည်မဟုတ်ဟူ၍သူဆိုသည်မှာ ကိုယ်ကိုသတ်မည်လောဟု တိုင်ပင်ကြသော်၊
  • 23 ကိုယ်တော်က သင်တို့သည်အောက်ဘုံမှဖြစ်ကြ၏။ ငါမှာအထက်ဘုံမှဖြစ်၏။ သင်တို့သည်ဤလောကမှဖြစ်ကြ၏။ ငါမှာဤလောကမှဖြစ်သည်မဟုတ်။
  • 24 ထိုကြောင့်သင်တို့သည် ကိုယ့်အပြစ်၌သေကြလိမ့်မည် ငါဆိုခဲ့၏။ ငါဖြစ်သည်ကိုသင်တို့မယုံလျှင် ကိုယ့်အပြစ်၌သေရကြလတ္တံ့ဟု မိန့်တော်မူ၏။
  • 25 ထိုသူတို့ကလည်း၊ သင်မည်သူနည်းဟုမေးကြသော်၊ ယေရှုက အဘယ်အကြောင်းနှင့် သင်တို့အားငါပြောရဦးမည်နည်း။
  • 26 သင်တို့နှင့်စပ်၍ ဆုံးမဖြတ်ဆိုရန်အများရှိသည့်အတိုင်း ငါ့ကိုစေလွှတ်တော်မူလိုက်သောအရှင်သည် မှန်ကန်တော်မူသဖြင့် ထိုအရှင့်ထံမှကြားနာခဲ့ရသမျှကို ဤလောကသားတို့အား ငါပြန်ကြားသည်ဟု မိန့်တော်မူ၏။
  • 27 ခမည်းတော့်အကြောင်းမိန့်တော်မူသည်ကို ထိုသူတို့မသိမမြင်ကြသောကြောင့်၊
  • 28 ယေရှုက သင်တို့သည်လူ့သားကိုမြှောက်ထားကြသည့်ကာလမှ ငါဖြစ်ကြောင်းကိုလည်းကောင်း၊ ကိုယ့်အလိုအလျောက်မည်သည်ကိုမျှမပြုဘဲ၊ ခမည်းတော်သွန်သင်တော်မူသည့်အတိုင်းသာ ငါပြန်ကြားကြောင်းကိုလည်းကောင်း သိကြလိမ့်မည်။
  • 29 ငါ့ကိုစေလွှတ်တော်မူလိုက်သောအရှင်သည် ငါနှင့်အတူရှိတော်မူ၍ နှစ်သက်တော်မူရာများကို အခါခပ်သိမ်းငါပြုသည့်အတိုင်း ငါ့ကိုတစ်ပါးတည်းစွန့်ထားတော်မမူဟု မိန့်တော်မူ၏။
  • 30 ထိုသို့မိန့်တော်မူစဉ် အများတို့သည်ကိုယ်တော်ကိုယုံကြည်ကြသတည်း။
  • 31 ထို့ကြောင့် ကိုယ်တော်ကိုယုံကြည်သောယုဒလူမျိုးတို့အား ယေရှုက သင်တို့သည်ငါ့တရား၌တည်လျှင် ငါ့တပည့်စစ်ဖြစ်၍၊
  • 32 သမ္မာတရားကို သိမြင်သဖြင့် ထိုတရားကြောင့်လွတ်ရာရောက်ကြလိမ့်မည်ဟု မိန့်တော်မူသော်၊
  • 33 ထိုသူတို့က အကျွန်ုပ်တို့သည်အာဗြဟံ၏အမျိုးအနွယ်ဖြစ်လျက် မည်သူ့ထံမျှကျွန်မခံရစဘူးပါ၊ လွတ်ရာရောက်ကြမည်ဟု အသို့ဆိုပါသနည်းဟူ၍ ပြန်ဆိုကြရာ၊
  • 34 ယေရှုက ငါဧကန်အမှန်ဆိုသည်ကား အပြစ်ပြုမိသူတိုင်းအပြစ်၏ကျွန်တည်း။
  • 35 ကျွန်ဖြစ်သူသည် အိမ်တွင် ကာလအစဉ်မနေရ။ သားမူကား အစဉ်တည်နေရ၏။
  • 36 ထို့ကြောင့်သားတော်သည် သင်တို့ကိုလွှတ်စေလျှင် မုချလွတ်ရာရောက်ကြလိမ့်မည်။
  • 37 သင်တို့သည် အာဗြံဟံ၏အမျိုးအနွယ်ဖြစ်ကြောင်းကိုငါသိ၏။ သို့ဖြစ်လျက်ပင် သင်တို့တွင်ငါ့တရားမတိုးပွါးရသည့်အတွက် ငါ့ကိုအသေသတ်ရန်ရှာကြံကြသည်တကား။
  • 38 ခမည်းတော်ထံသိမြင်ခဲ့ရာများကို ငါပြန်ကြားသည့်နည်းတူ ကိုယ့်အဘထံမှကြားနာရာများကို သင်တို့လုပ်ဆောင်ကြသည်ဟု မိန့်တော်မူ၏။
  • 39 အကျွန်ုပ်တို့အဘကား အာဗြဟံတည်းဟုထိုသူတို့ပြန်ဆိုကြသည့်ကာလ ယေရှုက အာဗြဟံ၏သားမှန်လျှင် အာဗြဟံ၏အကျင့်အလိုက် ပြုမူကြလေပြီ။
  • 40 ယခုမူကား ဘုရားသခင့်အထံတော်မှကြားနာခဲ့ရသောသမ္မာတရားကို ပြန်ကြားသောငါ့ကို အသေသတ်ရန် သင်တို့ရှာကြံကြ၏။
  • 41 ထိုအတိုင်း အာဗြဟံပြုသည်မဟုတ်၊ ကိုယ့်အဘ၏အကျင့်အလိုက်သင်တို့ပြုမူကြသည်တကားဟု မိန့်တော်မူသော် ကျွန်ုပ်တို့သည်မျောက်မထား၍ဖွားသောသားများမဟုတ်။ ဘုရားသခင်တည်းဟူသောအဘတစ်ဦးတည်းရှိကြသည်ဟု ပြန်ဆိုကြရာ၊
  • 42 ယေရှုက ဘုရားသခင်သည်သင်တို့အဘမှန်လျှင် ကိုယ့်အလိုအလျောက်မလာဘဲ၊ စေလွှတ်တော်မူခြင်းကိုခံသည့်အတိုင်း ဘုရားသခင့်ထံတော်မှထွက်လာကြွရောက်သောငါ့ကို နှစ်သက်ကြလေပြီ။
  • 43 ငါပြန်ကြားချက်ကို အဘယ်ကြောင့်နားမလည်ကြသနည်း။ ငါ့တရားကိုနာယူရန် မတတ်စွမ်းနိုင်သောကြောင့်တည်း။
  • 44 သင်တို့သည် ကိုယ့်အဘမာရ်နတ်မှဖြစ်ပွားကြသဖြင့် အဘ၏တတ်မက်ခြင်းအတိုင်း ပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင်သူသတ်ဖြစ်သည့်ပြင် ဟုတ်မှန်ခြင်းကင်းသောကြောင့် သမ္မာတရား၌မတည်။ မုသာသုံးလျက် မုသာအဘရင်းဖြစ်သည့်အလျောက်၊ မုသာပြောဆိုသောအခါ ကိုယ့်ဆိုင်ရာကိုသာပြောဆို၏။
  • 45 သင်တို့လည်း ဟုတ်မှန်ရာကိုငါပြောဆိုသောကြောင့် ငါ့ကိုမယုံကြ။
  • 46 သင်တို့တွင်မည်သူသည် ငါ၌အပြစ်ဖော်ပြနိုင်သနည်း။ ငါသည်ဟုတ်မှန်ရာပြောဆိုလျှင် အဘယ့်ကြောင့်မယုံကြသနည်း။
  • 47 ဘုရားသခင့်ထံမှဖြစ်ပွားသူသည် ဘုရားသခင့်ဗျာဒိတ်တော်ကိုနာယူတတ်၏။ သင်တို့သည် ဘုရားသခင့်ထံမှမဖြစ်ပွားသောကြောင့် မနာမယူကြချေဟု မိန့်တော်မူ၏။
  • 48 ယုဒလူမျိုးတို့ကလည်း သင်သည်နတ်ဝင်ရှမာရိလူမျိုးဖြစ်သည်ဟူ၍ငါတို့ဆိုသည်မှာ သင့်လျော်သည်မဟုတ်လောဟု ပြန်ဆိုကြသော်၊
  • 49 ယေရှုက ငါသည်နတ်ဝင်မဟုတ်။ ငါ့ခမည်းတော့်အသရေကိုချီးမြှောက်သူဖြစ်၏။ သင်တို့မူကား ငါ့အသရေကိုရှုတ်ချကြလေစွ။
  • 50 သို့ရာတွင်ငါသည် ကိုယ့်ဂုဏ်ကိုရှာသည်မဟုတ်။ ငါ့ဂုဏ်ကိုရှာ၍ဆုံးဖြတ်သောအရှင်တစ်ပါးရှိ၏။
  • 51 ငါဧကန်အမှန်ဆိုသည်ကား မည်သူမဆိုငါ့တရားကိုစောင့်ရှောက်လျှင် အဘယ်ကာလမျှ သေခြင်းနှင့်မကြုံကြိုက်ရဟု မိန့်တော်မူ၏။
  • 52 ယုဒလူမျိုးတို့ကလည်း သင်နတ်ဝင်ဖြစ်သည်ကိုယခုငါတို့သိကြပြီ။ အာဗြဟံနှင့်ပရောဖက်တို့ ကွယ်လွန်ကြပြီ။ သင်ကမူ မည်သူမဆိုငါ့တရားကိုစောင့်ရှောက်လျှင် အဘယ်ကာလမျှသေခြင်းနှင့် မကြုံကြိုက်ရဟူ၍ ဆိုပါသည်တကား။
  • 53 ကွယ်လွန်သောငါတို့အဘအာဗြဟံထက် သင်ကြီးမြတ်သလော။ ပရောဖက်တို့လည်း ကွယ်လွန်ကြပြီ။ သင့်ကိုယ်ကိုမည်သူလုပ်သနည်းဟု ဆိုကြသော်၊
  • 54 ယေရှုက ငါသည်ကိုယ်ကိုဂုဏ်တင်လျှင် ငါ့ဂုဏ်သည်အလဟဿဖြစ်လိမ့်မည်။ ငါ၌ဂုဏ်တင်သောအရှင်ကား ငါ့ခမည်းတော်တည်း။ ထိုအရှင်သည် ကိုယ့်ဘုရားသခင် ဖြစ်သည်ဟူ၍သင်တို့ဆိုကြသော်လည်း ကိုယ်တော်ကိုမသိကြ။
  • 55 ငါမူကား သိ၏။ မသိဟုဆိုလျှင် သင်တို့ကဲ့သို့မုသာသုံးသူဖြစ်လိမ့်မည်။ ငါသည် ကိုယ်တော်ကိုသိ၍ တရားတော်ကိုစောင့်ရှောက်၏။
  • 56 သင်တို့အဘအာဗြဟံသည် ငါ့နေ့ရက်နှင့်တွေ့ကြုံမည်ဟု ရွှင်လန်းလျက်တွေ့ကြုံရသဖြင့် သာယာသည်ဟု မိန့်တော်မူ၏။
  • 57 ထို့ကြောင့်ယုဒလူမျိုးတို့က သင်သည်အသက်ငါးဆယ်မရှိသေးဘဲ အာဗြဟံကိုမြင်ရဘူးသလောဟု မေးကြသည့်ကာလ၊
  • 58 ယေရှုက ငါဧကန်အမှန်ဆိုသည်ကား အာဗြဟံမဖြစ်မီငါတည်သည်ဟုမိန့်တော်မူရာ ကိုယ်တော်ကိုပစ်ခတ်ရန်ခဲကောက်ကြ၏။
  • 59 ယေရှုမူကားတိမ်းရှောင်၍ ဗိမာန်တော်ထဲမှထွက်ကြွတော်မူ၏။
回到本卷目录 回到本版本目录 回到首页